YBS တစ်နှစ်ပြည့်ပြီးနောက်

Myat Min Soe
1 min readJan 16, 2018

--

ဒီနေ့ဆို YBS စတာ တစ်နှစ်ပြည့်ပါပြီ။ YBS က NLD အစိုးရရဲ့ အကြီးမားဆုံး အပြောင်းအလဲထဲက တစ်ခုဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းဝန်ခံရရင် YBS ပထမဆုံးဆွဲတဲ့နေ့က သုဝဏ္ဏကနေ အလုံအထိ ၅၉ တစ်ခါပဲစီးဘူးပါတယ်။ ဘာလို့လဲဆိုတော့ စစချင်း လိုင်း ၆၀ ဆွဲရာမှာ သုဝဏ္ဏကထွက်တာ ၃ စီးပဲရှိပြီး သွားရလာရ အဆင်မပြေလို့ပါ။ ၅၉ ဆိုလဲ မြေနီကုန်းက ဖြတ်တာဖြစ်ပြီး အလုံရောက်ဖို့ကို ၁ နာရီခွဲခန့်ကြာပါတယ်။ အခုတော့ အထက်ပုဇွန်တောင်လမ်းအတိုင်း သွားတဲ့ကားတွေ ရှိနေပါပြီ။

YBS ကိုမစီးရပေမဲ့ ၂၀၁၇ မှာ နေ့တိုင်းနီးပါး အပြင်ထွက်နေရတာကြောင့် YBS ကိုလမ်းမှာ တွေ့ရပြန်တယ်။ ထူးထူးခြားခြား သတိထားမိတာက ကားအသစ်တွေဆို စည်းကမ်းပိုရှိလာပါတယ်။ အရင်ကားအဟောင်း mini bus အများစုကတော့ ကြမ်းတုန်းပါပဲ။ နောက်ပြီး မှတ်တိုင်တွေမှာ ကားတွေများလာပါတယ်။ ခရီးသည်တွေအတွက်တော့ ပိုကောင်းလာပေမဲ့ မှတ်တိုင်တွေမှာ ၂ ထပ်သုံးထပ်ရပ်ပြီး လမ်းတော်တော်ပိတ်ပါတယ်။ တန်းစီတဲ့အလေ့အကျင့်ရှိရင်ပိုကောင်းမှာပါ။ ခရီးသည်တွေကလဲ ယခင်အတိုင်းပဲ ကားလာရင် တိုးဝှေ့တက်ကြပြီး အခုထိ တန်းမစီတတ်သေးပါဘူး။ မှတ်တိုင်တွေက သေးပြီး ခရီးသည်တွေက များနေတဲ့အတွက် မှတ်တိုင်မှာ လူအုပ်ကြီးဖြစ်ပြီး ဘတ်စ်ကား ရပ်စရာနေရာတောင်မရှိလို့ လမ်းလယ်မှာရပ်ပြီး တင်ရတာလဲ ခဏခဏတွေ့တုန်းပါပဲ။ နောက်တစ်ချက်က မှတ်တိုင်မှာ ရပ်တဲ့ တက္ကစီတွေပါ။ မှတ်တိုင်မှာ မရပ်ရတာကိုမသိတာပဲလား။ ဘယ်သူသေသေငတေမာရင်ပြီးရောစိတ်ဓာတ်နဲ့ပဲရပ်သလားမသိပါ။ မှတ်တိုင်မှာ တက္ကစီတွေရပ်ထားတာကြောင့် ဘတ်စ်ကားတွေ ၂ ထပ်ရပ်ရပြန်ပါတယ်။ တစ်ခါတစ်လေ YBS မောင်းပြီး မှတ်တိုင်မှာရပ်ထားတဲ့ တက္ကစီတွေကို ဝင်တိုက်ချင်စိတ်ပါ ပေါ်လာပါတယ်။

ညပိုင်းဆို YBS တွေရှားသွားပြီး ဒိုင်နာ၊ လိုက်ထရပ်နဲ့ဆွဲတဲ့ ကြားကားတွေများလာတာလဲသတိထားမိပါတယ်။ ယာဉ်ထိမ်းရဲတွေ နားတဲ့အချိန်ဖြစ်တာတစ်ကြောင်း ရှိတဲ့ရဲတွေကလဲ rush hour ဖြစ်တာကြောင့် လမ်းရှင်းပေးနေရတဲ့အချိန်မှာ အခွင့်ကောင်းယူပြီး ထွက်လာပါတယ်။ ဒီနေ့ဆို MDY နံပါတ်အနက်နဲ့ တစ်စီးတောင်တွေ့လိုက်ရပါတယ်။ ခရီးသည်တွေကတော့ မရှိရှိတာ စီးမှာဖြစ်ပြီး ညဘက် ကားလောက်တောင် ထွက်စေလိုပါတယ်။ ကြားကားတွေကိုလဲ ထိထိရောက်ရောက်အရေးယူစေလိုပါတယ်။

YBS ကိုစတင်တုန်းက ကူညီခဲ့တဲ့သူတွေအများကြီးပါ။ design ဆွဲပေးတဲ့သူတွေ၊ data ရှာပေးတဲ့သူတွေ၊ app အမျိုးမျိုးရေးတဲ့သူတွေ၊ မှတ်တိုင်တွေမှာ ကူညီတဲ့ volunteer တွေ၊ နောက်ဆုံး ကားမလောက်လို့ Scania နဲ့ပါဆွဲပေးတဲ့သူတွေအများကြီးပါ။ ဒါပေမဲ့ စည်းကမ်းတင်းကျပ်မှု အားနည်းတာတွေ၊ ပူးပေါင်းဆောင်ရွက်မှုအားနည်းတာတွေကြောင့် ထင်သလောက်ရှေ့မရောက်ပါဘူး။ ဥပမာ design ဆို font တွေ color တွေ guideline ချပေးထားပေမဲ့ တွေ့ရာ font နဲ့လုပ်ပြီး ဖြစ်သလို စတစ်ကာထုပ်ကပ်ထားတာတွေ အများကြီးပါ။ data ဆိုလဲ ၆၁ လိုင်းကနေ update မထွက်တော့ပါဘူး​။ ကဒ်စနစ်လဲ တစ်နှစ်ကြာတဲ့အထိဖြစ်မလာသေးပါဘူး။ အရင် မထသထက် အများကြီးပိုကောင်းလာပေမဲ့ နှေးနေသလိုခံစားရပါတယ်။

ရန်ကုန်မြို့ဟာ နောက် ၁၀ နှစ်လောက်ဆို mega city ဖြစ်တော့မှာပါ။ bus ကားတစ်လိုင်းထဲအားကိုးလို့မရတော့ပါဘူး။ ဒီမှာ မြေအောက်ရထားတွေ မြေပေါ်ရထားတွေနဲ့ mass transit ကို စလုပ်သင့်နေပါပြီ။ မြေအောက်ရထားဆိုတာ ဥရောပနိုင်ငံတွေမှာ ဒုတိယကမ္ဘာစစ်မတိုင်ခင်တည်းက ရှိခဲ့တာတွေပါ။ အခုနည်းပညာအသစ်တွေနဲ့ဆို ဘာမှမကြာပဲပြီးသွားမှာပါ။ အစိုးရသက်တမ်းတစ်ခုထဲမကြည့်ပဲ နောက်ဘယ်သူတက်တက် ဆက်လုပ်လို့ရတဲ့ master plan တွေချထားစေလိုပါတယ်။

လူတွေလမ်းပေါ်မှာအချိန်ကုန်နေတာ တိုင်းပြည်အတွက် နစ်နာပါတယ်။ ရန်ကုန်မြို့မှာ ဘယ်နေရာသွားသွား အများဆုံး ၁ နာရီ၊ ၁နာရီခွဲလောက်ပဲ ဖြစ်သင့်ပါတယ်။ public transportation ကအဆင့်အတန်းတစ်ခုရောက်လာရင် ကိုယ်ပိုင်ကားရှိရင်တောင် သုံးတဲ့သူနည်းသွားပါလိမ့်မယ်။ YRTA ကိုပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။

Facebook မှာ H&M ရဲ့ the coolest monkey in the jungle ပုံ photo comment ပေးမိလို့ ၃ ရက်အပိတ်ခံထားရပါတာကြောင့် ဘာမှတင်လို့မရပါဘူး။ share ပေးမယ်ဆိုကျေးဇူးတင်ပါတယ်။

--

--